ကျောက်ကပ် ကျန်းမာချင်ရင် ကျောက်ဖရုံသီး စားပေးပါ
ဆီးပြဿနာတွေ ပြေလည်စေဖို့ ကျောက်ကပ်ကျန်းမာရေး ကောင်းဖို့ဆိုရင် ကျောက်ဖရုံသီးလေးသာ နိုင်နိုင်စားပေးဆိုတာကို နားထဲမှာ ကြားဖူးသားကျနေမှာပါ။ ကျောက်ဖရုံသီးက တကယ်လည်း ကျောက်ကပ်အတွက် ကောင်းပါတယ်။ ကျောက်ကပက်အပြင် ကျောက်ဖရုံသီးက ခန္ဓာကိုယ်ကို ဘယ်လို ကျန်းမာစေသေးလဲဆိုတာကို ဆက်ကြည့်ပေးဦးနော်။
ကျောက်ဖရုံသီး ဆိုရာဝယ်
ကျောက်ဖရုံသီးဆိုတာက နွယ်ပင်တစ်မျိုးရဲ့ အသီးပါ။ ရှည်မြောမြော ပုံစံရှိပြီး အပြင်ခွံ အစိမ်းရောင်ပါ။ အတွင်းသားက အရည်ရွှမ်းတဲ့ သစ်တော်သီးလိုမျိုး အသားဖြူဖြူပါ။ အတွင်းထဲမှာ အစေ့ဖြူဖြူလေးတွေ ရှိပါတယ်။ ဖရုံမျိုးရင်းဝင်ပင် ဖြစ်ပြီး ဟင်းခါးချက်စားတာ၊ ကြော်ချက် ချက်စားတာ၊ ချဉ်ရည်ချက်စားတာ၊ ယိုထိုးစားတာ စသဖြင့် အမျိုးမျိုး စားကြပါတယ်။
ကျောက်ကပ် ကျန်းမာစေတဲ့ ကျောက်ဖရုံသီးမှာ ကယ်လ်လိုရီ၊ ကစီဓာတ်၊ ရေဓာတ်၊ အမျှင်ဓာတ်၊ ပရိုတင်း၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ အိုင်အိုဒင်း၊ ဇင့်၊ မဂ္ဂနိစ်၊ ဗီတာမင် အေ၊ စီ၊ အီး၊ ဘီစစ်တို့ ပါဝင်နေပါတယ်။
ကျောက်ဖရုံသီး နဲ့ ကျန်းမာရေး
ကျောက်ကပ် ကျန်းမာစေတဲ့ ကျောက်ဖရုံသီးကို စားပေးရင်း အခုလို ကျန်းမာရေးတွေ ရရှိမှာပါ။
- ကျောက်ကပ် ကျန်းမာစေတယ်
ကိုယ်တွင်းထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ကျောက်ကပ်တွေကို သန့်စင်ပေးနိုင်ပါတယ်။ ဆီးရွှင်စေပြီး ဆီးလမ်းကြောင်း ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။
- အစာခြေစနစ် ကျန်းမာစေတယ်
အမျှင်ဓာတ် ကြွယ်ဝမှုက အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အူမကြီး ကျန်းမာစေပြီး ဝမ်းချုပ်တာ၊ လေပွတာ၊ ဗိုက်အောင့်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
- အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်
ကျောက်ဖရုံသီးက ချွဲပျော်စေပြီး အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ရော အဆုတ် ကျန်းမာစေဖို့ပါ လုပ်ဆောင်ပေးပါတယ်။ အသက်ရှူရခက်တာ၊ ဓာတ်မတည့်မှုကြောင့် အသက်ရှူကြပ်တာတွေကို သက်သာစေနိုင်ပါတယ်။
- ဝိတ်ကျစေနိုင်တယ်
ကျောက်ဖရုံသီးက ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဆာခံနိုင်စေပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးပါတယ်။ အဆီပါဝင်မှုလည်း နည်းတာကြောင့် ကိုယ်အလေးချိန် ထိန်းချင်သူတွေ ဝိတ်ချချင်သူတွေ စားပေးလို့ ရပါတယ်။ အစားစားချင်စိတ်ကို လျှော့ချပေးနိုင်ပါတယ်။
- နှလုံး ကျန်းမာစေတယ်
ကိုလက်စထရော ပါဝင်မှု နည်းတာကြောင့် နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး နှလုံးကြွက်သားတွေ သန်မာစေနိုင်ပါတယ်။ နှလုံးရဲ့ လုပ်ဆောင်မှု ကောင်းစေနိုင်ပါတယ်။
- ကိုယ်အပူချိန် လျှော့ပေးတယ်
ရေဓာတ်ကြွယ်ဝတာကြောင့် အအေးဓာတ်ရှိတဲ့ ကျောက်ဖရုံသီးက ကိုယ်အပူချိန်ကို လျှော့ချပေးဖို့လည်း လုပ်ဆောင်ပေးပါသေးတယ်။
- ကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်
ကျောက်ဖရုံသီးက ကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သွေးသန့်စေဖို့လည်း ကူညီပေးနိုင်ပါတယ်။
မွန်မွန်